ကလေးငယ်တစ်ဦး အဖြစ် အသက်ရှင် နေထိုင်ရန် အခက်အခဲဆုံး နိုင်ငံအဖြစ်
ဂွါတီမာလာ သတ်မှတ်ခံထားရသည်။ ၂၀၁၄ ခုနှစ်တွင်း ကလေးငယ်(၆၀၀) ကျော်
သတ်ဖြတ်ခံခဲ့ရကြောင်း ဥပဒေ အရာရှိချုပ်ရုံး၏ စာရင်းအင်းများတွင်
ဖော်ပြထားသည်။
နှစ်နာရီတိုင်းတွင် ကလေးငယ် တစ်ဦး လိင်ပိုင်းဆိုင်ရာ
အနိုင်ကျင့် ခံနေရသည်ဟု ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက
ပြောဆိုခဲ့သည်။
မိန်းကလေးငယ် တစ်ဦး အသက် (၁၄)နှစ်ပြည့်လျှင်
လက်ထပ်ခွင့်ရှိကြောင်း ဥပဒေ ပြဋ္ဌာန်းထားသဖြင့် ဆယ်ကျော်သက်
အိမ်ထောင်ပြုမှုနှုန်းလည်း မြင့်မားလာသည်။ မကြာသေးမီတွင်လည်း အသက် (၁၂)နှစ်
အရွယ် မိန်းကလေးတစ်ဦး သူ့ထက် အသက် နှစ်ဆယ်ကျော် ကြီးမားသူတစ်ဦးနှင့်
လက်ထပ် ယူလိုက်မှုကြောင့် ကမ္ဘာတစ်ဝန်း အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသည်။
ဗဟိုအမေရိကရှိ ဂွါတီမာလာသည် မက္ကစီကို၊ အယ်လ်ဆာဗေဒေါ၊ ဘလစ်ဇ်၊ ဟွန်ဒူရပ်စ် နိုင်ငံများနှင့် နယ်စပ်ချင်း ထိစပ်နေသည်။
ကလေးငယ်များအား အိမ်ထောင်ချပေးမှု ရပ်ဆိုင်းသွားရန် တစ်စုံတစ်ရာ
လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ သို့သော် ဂွါတီမာလာတွင်
ကလေးငယ်များအား အိမ်ထောင်ချပေးမှုသည် အရိုးစွဲ နေသည့် ဓလေ့ဖြစ်နေပြီ
ဖြစ်ကြောင်း အသက် (၁၄)နှစ်အရွယ် ဂီလ်ဒါမန်ချူးက ပြောဆိုခဲ့ သည်။ သူသည်
ကလေးငယ်များ အရေးအတွက် လှုပ်ရှားနေသူ ဖြစ်သည်။ မိဘများ၏ အားပေး
ထောက်ခံမှုကြောင့် ဂီလ်ဒါတစ်ယောက် ကလေးသူငယ် သတို့သမီး မဖြစ်ခဲ့။
“ကျန်းမာချမ်းသာတဲ့ ဘ၀မှာ သူတို့လေးတွေ နေနေရတာမဟုတ်ဘူး”ဟု ဂီလ်ဒါက ဘီဘီစီ
သတင်းဌာနသို့ ပြောသည်။ “ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ရတယ်။
သူတို့ရဲ့ခန္ဓာကိုယ်က ကလေးယူဖို့ အသင့် မဖြစ်သေးဘူးလေ။ အမျိုးသမီး
တစ်ဦးဖြစ်လာဖို့ မိန်းကလေးငယ် ဘ၀ကို ရုတ်တရက် ရပ်ဆိုင်း လိုက်ရတာလေ”ဟု သူက
ပြောသည်။
သတို့သမီးကို ၀ယ်ယူလို့ရသည့် ဓလေ့ကြောင့်လည်း
မိန်းကလေးများ ငယ်ငယ် ရွယ်ရွယ်နှင့် အိမ်ထောင်ကျနေခြင်း ဖြစ်သည်။ ငွေနှင့်
မြေတစ်ခုခု ပေးရုံဖြင့် ကိုယ့်ထက် အသက်များစွာ ကြီးသူများကို
မိန်းကလေးများက လက်ထပ် နေကြရသည်။ နောက်ထပ် ပြဿနာတစ်ခုမှာ ကလေးငယ်များနှင့်
လူငယ်များအား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်နေမှု ဖြစ်သည်။
၂၀၁၄
ခုနှစ်တွင် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု(၈၀၆၇) မှု
ရှိခဲ့ကြောင်း ဥပဒေ အရာရှိချုပ်ရုံးက ပြောဆိုခဲ့သည်။ တိုင်ကြားမှု
မရှိခဲ့သည့် အမှု ပေါင်းများစွာလည်း ကျန်ရှိနေနိုင်ပါသည်။
အသက်(၁၇)နှစ်အရွယ် အားကစား သမားလေး တစ်ဦးကလည်း ဘီဘီစီသတင်း ဌာနသို့
သူ့အကြောင်းကို ဖွင့်ချသည်။ အ၀တ်အစား လဲခန်းတွင် အခြား ကစားသမားတစ်စုက
ဝိုင်းဝန်း အနိုင်ကျင့်ခြင်းကို ခံခဲ့ရကြောင်း သူကပြောသည်။““ကျွန်တော့်
ဘ၀ကို အဆိုးဆုံး ပြောင်းလဲခဲ့တာပဲ”ဟု သူက ပြောသည်။ လမ်းပေါ် ထွက်ရမှာကိုပင်
ကြောက်လန့် နေရသောကြောင့် အိမ်ပင် ပြောင်းရွှေ့ခဲ့ရကြောင်း အားကစား သမားလေးက
ပြောသည်။
၁၉၆၀ မှ ၁၉၉၆ ခုနှစ်ကြားတွင် ဂွါတီမာလာ၌
ပြည်တွင်းစစ် ဖြစ်ခဲ့သည်။ ပြည်တွင်းစစ် အတွင်း လူ(၂၀၀၀၀၀) သေ ဆုံးခဲ့ပြီး၊
လူ(၄၅၀၀၀) ပျောက်ဆုံးသွားခဲ့သည်။ ပျောက်ဆုံးသူ ငါးဦးအနက် လေးဦးမှာ မာယာ
တိုင်းရင်းသားမျိုးနွယ်စုမှ ဖြစ်သည်။ ဂွါတီမာလာ ပြည်တွင်းစစ်အတွင်း
လူမျိုးပြုတ် သတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ
ဖြစ်ပွားခဲ့ကြောင်း ကုလက ဆုံးဖြတ်ခဲ့သည်။ သို့သော် လူမျိုးပြုတ်
သတ်ဖြတ်မှုတွေ မဖြစ်ခဲ့ဟု ဂွါတီမာလာ အစိုးရက ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။
“ကျေးလက်မှာ နေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စုဝင် တစ်ဦးဖြစ်တာမို့
အခွင့်အရေးလည်း မရဘူး။ အဖိနှိပ်လည်း ခံရတယ်။ ဒီလိုခွဲခြားဆက်ဆံမှုနဲ့
တစ်သက်လုံး နေထိုင်ခဲ့ရတာပါ”ဟု ဂီလ်ဒါကပြောသည်။
“ကျောင်းတက်နိုင်ဖို့လည်း ကြိုးစားရတယ်။ လူတစ်ဦးအနေနဲ့ လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်ဖို့လည်း ကြိုးစားရတယ်”ဟု သူက ပြောသည်။
ဂွါတီမာလာ သမ္မတ အော်တိုပီရက်ဇ် မိုလီနာကို ဆန့်ကျင်သည့် ဆန္ဒပြမှုများလည်း
ဖြစ်ပွားနေသည်။ သမ္မတနှင့် အစိုးရ အဖွဲ့သည် အကျင့်ပျက် ခြစားမှုဖြင့်
ပုပ်စော်နံနေပြီ ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောဆိုခဲ့သည်။
““ကားမရပ်ရ နေရာမှာ ကားရပ်မယ်။အာဏာပိုင်တွေက လာပြောရင် ပိုက်ဆံ
ပေးလိုက်မယ်။ အာဏာပိုင်တွေ ပါးစပ် ပိတ်သွားရော။ ဒီလို အသေးအဖွဲလေးတွေက အစ
အကျင့်ပျက် ခြစားမှုတွေ ရှိနေတယ်”ဟု ဂွါတီမာလာစီးတီးမှ ဥပဒေကျောင်းသူ
တစ်ဦးက ပြောသည်။
“အကျင့်ပျက်ခြစားမှုတွေ မရှိဘူး”ဟု
အော်တိုပီရက်ဇ်က ပြောဆိုခဲ့သည်။ သူ့ကို စုံစမ်းစစ်ဆေးဖို့ တရားရုံးတွေက
ခွင့်ပြုလိုက်သည့် အတွက်လည်း အော်တို ပီရက်ဇ်က တရားရုံးတွေကို
ဝေဖန်ပြစ်တင်ခဲ့သည်။ ဒုတိယ သမ္မတ ရီဇာနာဘယ်ဒတ်တီ သည် အခွန်ရှောင်မှုဖြင့်
ယခုနှစ် အစောပိုင်းတွင် ရာထူးမှ နုတ်ထွက်ခဲ့ရပြီး ဖြစ်သည်။ သမ္မတကိုလည်း
ရာထူးမှ ဖယ်ရှားပစ်ဖို့ ဥပဒေအရာရှိတွေက တောင်းဆိုနေပြီ ဖြစ်သည်။
“အမှန်တရားအတိုင်း ဖြစ်ဖို့နဲ့ အတော်ဆုံး လူတွေကို ထိပ်ပိုင်းရာထူး
ခန့်အပ်တာကို လိုလားမိတာ အမှန်ပဲ”ဟု ဥပဒေ ကျောင်းသူက ပြောသည်။ ကျောင်းသူ၏
အစ်ကိုမှာ ဆရာဝန်တစ်ဦး ဖြစ်သည်။ ဆေးရုံများတွင် အခြေခံ လိုအပ်ချက်များ
ပြတ်လပ်နေသည့် အတွက် အစ်ကိုဖြစ်သူသည် ကိုယ့်ငွေကိုယ်သုံးပြီး ဆေးပစ္စည်းများ
ဝယ်ယူရကြောင်း သူက ပြောသည်။
“ဆေးရုံတွေမှာ အောက်ဆီဂျင် ဗူးတွေတောင် မရှိဘူး။ ကုန်ကုန်ပြောမယ်၊ ပဋိဇီဝ ဆေးတောင် မရှိဘူး”ဟုသူကပြောသည်။
“အလုပ်အကိုင် မရှိလို့ပဲ ဖြစ်စေ၊ ရတဲ့ အလုပ်အကိုင်က လူမှုဖူလုံကြေး ရတဲ့
အလုပ် မဟုတ်လို့ပဲဖြစ်စေ၊ ဒီလိုဆိုရင် လူမှုကျန်းမာရေး စောင့်ရှောက်မှုကို
မခံစားရတာမို့ ဒုက္ခရောက်ဖို့သာ ပြင်ပေတော့”ဟု ကျောင်းသူက ပြောသည်။
“ဂွါတီမာလာမှာ တိုင်းရင်းသား မျိုးနွယ်စုဝင် ဖြစ်ရတာ လွယ်တာမဟုတ်ဘူး”ဟု
ဂီလ်တာက ပြောသည်။ “ခွဲခြား ဆက်ဆံ ခံရတယ်။ ပညာသင်ယူခွင့် မရှိဘူး၊
ကျန်းမာရေး စောင့်ရှောက်မှု မရှိဘူး။ဒါတွေကြောင့် အသိအမှတ်ပြုခံရဖို့ နေ့စဉ်
နေ့တိုင်း တိုက်ပွဲဝင်နေရတယ်”ဟု သူက ပြောသည်။
Ref: We need to talk about Guatemala:BBC
http://www.messengernewsjournal.com/news/Article/detail.php?id=41932
Post Top Ad
Home
Unlabelled
ကလေးငယ်တွေ အတွက် အန္တရာယ် အရှိဆုံး နိုင်ငံ
ကလေးငယ်တွေ အတွက် အန္တရာယ် အရှိဆုံး နိုင်ငံ
About thadinatin
Subscribe to:
Post Comments (Atom)
No comments:
Post a Comment